top of page

ကြိုးစားပြီး ရည်မှန်ချက်ကြီးတဲ့ ရွှေအများစုရဲ့ အဓိက အားနည်းချက်က ဘာလဲ???

  • Writer: Steve Htet
    Steve Htet
  • May 16
  • 1 min read
ree

ကျွန်တော် Career Pathway ကို ပြန်သုံးသပ်ကြည့်တဲ့အခါ သင်ခန်းစာကြီးတွေရှိခဲ့ဖူးတယ်။ အဲ့ဒါက

“ဂုဏ်သိက္ခာ၊ ရိုးသားမှုနှင့် ယုံကြည်စိတ်ချရမှုတို့က သင့်ရဲ့ ကျွမ်းကျင်မှုထက် အများကြီး ပိုအရေးကြီးတယ်” ဆိုတာပါပဲ။

တကယ်တော့၊ သူတစ်ပါးအမြင်မှာ / သူတစ်ပါးရှေ့မှာ သင်လုပ်သည့်အရာထက် ဘယ်သူမှမမြင်တဲ့/ မသိနိုင်တဲ့အချိန်မှာ သင်လုပ်သည့်အရာက သင့်အနာဂတ်ကို ပိုမိုပုံဖော်လေ့ရှိတယ်ဆိုတာ သင်သတိထားမိပါသလား။

ကျွန်တော့်ဘဝခရီးမှ လက်တွေ့ဖြစ်ရပ်နှစ်ခုကို မျှဝေပါရစေ။

လွန်ခဲ့တဲ့နှစ်တွေက ပရောဂျက်မန်နေဂျာအဖြစ်အလုပ်လုပ်စဉ် ကုမ္ပဏီက ကျွန်တော့်နဲ့ အခြားပရောဂျက်မန်နေဂျာတစ်ဦးကို ဒေါ်လာထောင်ချီ လစာပိုပေးမိပါတယ်။ ကျွန်တော် ချက်ချင်းသတိထားမိပြီး အကြောင်းကြားခဲ့ပါတယ်။ အခြားသူက တစ်ခွန်းမှမပြောခဲ့ပါဘူး။ နောက်လမှာ ကုမ္ပဏီက စင်ကာပူမှာ လုပ်ငန်းချဲ့ချိန်မှာ ကျွန်တော် ရာထူးတိုးခံရပါတယ်။ နောက်ပိုင်းမှာ သိရတာက အဲဒီပရောဂျက်မန်နေဂျာကို ရာထူးတိုးဆွေးနွေးပွဲတွေကနေ ဖယ်ထားပြီး နှစ်ပေါင်းများစွာ လစာကို မဆိုသလောက်သာ တိုးပေးခဲ့တယ်။ အကြောင်းက စွမ်းရည်ကြောင့်မဟုတ်ဘဲ ယုံကြည်မှုကြောင့်ပါ။

နောက်တစ်ကြိမ်မှာ ကျွန်တော်ကို Managing Director အဖြစ်ခန့်အပ်ခံရမယ့် အချိန်မတိုင်ခင် ကျွန်တော်ကိုယ်တိုင်သိတဲ့ ကုမ္ပဏီတစ်ခုကနေ quotation တစ်ခုပိုလာတယ်။ ဈေးနှုန်းက သိသိသာသာမြင့်နေပါတယ်။ ကျွန်တော့်ရဲ့ ပြင်သစ် MD က ကျွန်တော့်အမြင်ကို အဲ့ဒီကုမ္ပဏီပိုင်ရှင်ရှေ့ မှာ ခေါ် ပြီးမေးပါတယ်။ ကျွန်တော်က အဲ့ဒီကုမ္ပဏီပိုင်ရှင်နဲ့ အခင်အမင်မပြတ်အောင် မသိမသာ ကြားနေနိုင်ပါတယ်။ ဘက်မလိုက်ဘဲနေနိုင်ခဲ့ပေမယ့်၊ ပြင်သစ်ကုမ္ပဏီအကျိုးကိုကာကွယ်ဖို့ ခိုင်ခိုင်မာမာရပ်တည်ပြီး အဲ့ဒီကုမ္ပဏီပိုင်ရှင်နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပြင်သစ် MD က အဲ့ဒီ quotation ကိုလက်ခံဖို့ တိုက်တွန်တဲ့အခါမှာ ကျွန်တော်က ပြင်သစ်ကုမ္ပဏီအကျိုးစီးပွာအတွက် သေချာရှင်းပြခဲ့ပါတယ်။ သူ ပြင်သစ်ပြန်မသွားခင်၊ သူ့နေရာမှာ ကျွန်တော့်ကို ရာထူးတိုးပေးဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်တော်တည်ဆောက်ထားတဲ့ ယုံကြည်မှုက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။

စင်ကာပူနဲ့ ကမ္ဘာ့ကုမ္ပဏီတွေမှာ အကြီးတန်းရာထူးတိုးတာတွေဟာ မကြာခဏ ဂုဏ်သိက္ခာစမ်းသပ်မှုတွေအပြီးမှ ရရှိလေ့ရှိပါတယ်။ HR၊ ဌာနချုပ်နဲ့ အကြီးတန်းမန်နေဂျာတွေက သင်ဘာလုပ်ဆောင်ထားသလဲဆိုတာထက်၊ သင်ဘယ်လိုလုပ်ဆောင်ထားသလဲဆိုတာကို စောင့်ကြည့်ပါတယ်။

ကျွန်တော် MD ဖြစ်ပြီးနောက် နိုင်ငံပေါင်းဆုံးကသူတွေကို ဦးစီးတဲ့အခါမှာ ကျွန်တော်ကိုယ်တိုင်လည်း အလားတူစမ်းသက်မှုတွေကိုလုပ်ပြီး သူတို့ရဲ့တုံ့ပြန်ပုံကို စောင့်ကြည့်ပြီးမှ တာဝန်ပေးလေ့ရှိတယ်။ ယုံကြည်စိတ်ချရမှုက အရာအာလုံးထက်ပိုပြီး အရေးကြီးတယ်။

ဝမ်းနည်းစရာကောင်းတာက၊ မြန်မာနိုင်ငံမှာ ရိုးသားမှုနဲ့ ဂုဏ်သိက္ခာလိုတန်ဖိုးတွေဟာ နှစ်များစွာအတွင်း ပျောက်ဆုံးခဲ့ရပြီး ပြောင်းလွယ်ပြင်လွယ်၊ ဖြတ်လမ်းနဲ့ မရိုးသားမှုတွေက အစားထိုးခံခဲ့ရတယ်။ အဲဒီလိုနည်းတွေက တချို့ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ဖို့ အကူဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ စင်ကာပူမှာတော့ အန္တရာယ် အရမ်းကြီးတယ်။

ဒီမှာ အလုပ်အကိုင်တစ်ခု အစစ်အမှန်တည်ဆောက်ဖို့ဆိုရင်၊ သင့်ရဲ့ စရိုက် လက္ခဏာကို တည်ဆောက်ပြီး ဆက်တိုက်ပြသဖို့ လိုပါတယ်။ လူငယ်တွေသိထားသင့်တာက ဂုဏ်သိက္ခာ၊ ရိုးသားမှုနှင့် ယုံကြည်စိတ်ချရမှုတွေက CV တစ်ခုတည်းနဲ့ ဘယ်တော့မှ မဖွင့်နိုင်တဲ့ တံခါးတွေကို ဖွင့်ပေးလိမ့်မယ် ဆိုတာပါဘဲ။

ဒါကြောင့် လူငယ်များအတွက် - တစ်ယောက်ယောက်က "အလကားပိုက်ဆံ"၊ "လွယ်ကူတဲ့အခွင့်အလမ်း" ဒါမှမဟုတ် "ဖြတ်လမ်း" တွေကို ကမ်းလှမ်းရင် - ခဏရပ်ပြီး သင့်ကိုယ်သင် မေးပါ -

"ဒါက ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုက်ညီရဲ့လား?"

"ဒါက စမ်းသပ်မှုတစ်ခုလည်း ဖြစ်နိုင်သလား?"

 
 
 

Comments


bottom of page