top of page

ကျွန်တော်တို့ကိုယ့်အသိုင်းအဝိုင်းကိုဘယ်လိုမြှင့်တင်လို့ရနိုင်လဲ

  • Writer: Steve Htet
    Steve Htet
  • Mar 12
  • 1 min read

ree

ကျွန်တော်တို့ကိုတွေ့စရာမလိုဘဲ စကားပြောဖူးစရာတောင်မလိုဘဲနဲ့ တခြားသူတွေက ကျွန်တော်တို့အကြောင်းကို သူတို့ဘာသာ ထင်မြင်ချက်တွေ ပေးထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စကားလုံးတွေတင်မကဘူး၊ ကျွန်တော်တို့ အသိုင်းအ၀ိုင်းပေါ်မှုတည်ပြီး ဘယ်နိုင်ငံကလာတယ် ၊ ကျွန်တော်တို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ အစရှိတဲ့ အရာအားလုံးတွေကို ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး စိတ်ညစ်နေတယ်ဆိုရင် စာဖတ်သူတစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ။ “လူတွေက ကျွန်တော်တို့ရဲ့ နောက်ခံကို ကြည့်ပြီး အထင်သေးတဲ့အခါ၊ ကျွန်တော်တို့က သူတို့ကို ဘာမြင်စေချင်လဲ?” ကျွန်တော်တို့က စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာပညာတတ်တစ်ယောက် ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုကြောင့် လူတွေက ကျွန်တော်တို့ကို လျှော့တွက်မိနေတာမျိုး ခံစားရတတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က အရာရာမှာ ထူးချွန်အောင် လုပ်ပြတိုင်း၊ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုနဲ့ ပညာရှင်ဆန်မှုကို ပြသတိုင်း၊ ကျွန်တော်တို့က ကိုယ့်အကြောင်းကို ပြောင်းလဲပြနေတာတင်မဟုတ်ပါဘူး၊ ကျွန်တော်တို့နောက်က လိုက်လာမယ့်သူတွေအတွက်ပါ လမ်းဖွင့်ပေးနေတာဖြစ်ပါတယ်။


ဒါမှမဟုတ် ကျွန်တော်တို့က နောက်ခံသိပ်မကောင်းတဲ့ မိသားစုကနေ လာခဲ့တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့မိသားစုမှာ ပိုက်ဆံကြွယ်တာ၊ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်းမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့က နည်းပညာအသစ်တွေ သင်ယူတိုင်း၊ အောင်မြင်မှုတွေ ရရှိတိုင်း၊ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ဖို့ အချိန်ပေးတိုင်း၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နောက်ခံကို အတားအဆီးတစ်ခုကနေ ဂုဏ်ယူစရာတစ်ခုအဖြစ် ပြောင်းလဲနေတာဖြစ်ပါတယ်။​ ဒီလိုမြင့်တင်ပေးတိုင်း ကိုယ့်အတွက်ရော ကိုယ့်မျိုးစက်သစ်တွေအတွက်ရော ကိုယ့်အသိုင်းအ၀ိုင်းအတွက်ပါ အထူးအကျိုးရှိပါတယ်။

အမှန်တရားကတော့ လူတွေရဲ့ ပထမဆုံး အထင်အမြင်ကို ကျွန်တော်တို့က ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် သူတို့ နောက်ပိုင်းမြင်ရမယ့်အရာကိုတော့ ကျွန်တော်တို့က အပြည့်အဝ ထိန်းချုပ်လို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံရိပ်ကို ကိုယ်တိုင်အကောင်းဆုံးဖန်တီးပါ။

✅ ကိုယ့်ကိုယ်ကို အဆင့်မြှင့်ပါ။ အဆက်မပြတ် သင်ယူပါ၊ နည်းပညာအသစ်တွေ ကျွမ်းကျင်အောင် လုပ်ပါ။ ပညာရေးနဲ့ အလုပ်ခွင်မှာ ထူးချွန်အောင် ကြိုးစားပါ။

✅ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ပါ။ အခြားသူတွေ အတုယူစရာကောင်းတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ ကိုယ့်ဘက်ကနေ တခြားသူတွေကို ပြန်ဖေးမကူညီနိုင်အောင် လုပ်ပါ။

✅ အထင်အမြင်တွေကို ပြောင်းလဲပါ။ မြန်မာလူမျိုးတွေဟာ ကြိုးစားတတ်တယ်၊ ဉာဏ်ကောင်းတယ်၊ အောင်မြင်ဖို့ စိတ်အားထက်သန်တယ်ဆိုတာကို အများကို ချပြပြီး ဂုဏ်ယူပါ။


တစ်ယောက်ယောက်က ကျွန်တော်တို့နာမည်ကို ကြားတဲ့အခါ၊ ကျွန်တော်တို့ရဲ့ဇာတ်လမ်းကို သိလာတဲ့အခါမှာ သူတို့ရဲ့ လျစ်လျူရှုတာကို ခံချင်တာလား၊ ဒါမှမဟုတ် လေးစားတာကို ခံချင်တာလား? ကျွန်တော်တို့ ကိုယ့်ရဲ့အသိုင်းအ၀ိုင်းတွေကို ဘယ်လိုအထင်အမြင်ခံစေချင်လဲဆိုတဲ့ ရွေးချယ်မှုကတော့ ကျွန်တော်တို့ အပေါ်မှာဘဲ မူတည်ပါတယ်။

 
 
 

Comments


bottom of page