top of page

မေးခွန်းမေးနိုင်မှတိုးတက်နိုင်မည်

  • Writer: Steve Htet
    Steve Htet
  • Mar 6
  • 1 min read

ree

ကျွန်တော်တို့ မြန်မာအသိုင်းအဝိုင်းထဲမှာ အများစုက မေးခွန်းမေးခြင်းကို တွန့်ဆုတ် ရှောင်ရှားတတ်ကြပါတယ်။ ဒါကလည်း တခြားကြောင့်မဟုတ်ပါဘူး။ ကျွန်တော်တို့ငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ ပတ်၀န်းကျင်မှာ မေးခွန်းပြန်မေးခြင်းကို မလေးမစားပြုမူခြင်း၊ လူများကြား ထင်ပေါ်မှာ စိုးရိမ်ခြင်း စသည်တို့ကြောင့် များသောအားဖြင့် နားထောင်တာကိုဘဲ လုပ်ကြတာများပါတယ်။ ဒါပေမယ့် ဒီအပြုအမူက ကျွန်တော်တို့ရဲ့ တိုးတက်မှုလမ်းကြောင်းမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် စင်ကာပူလိုမျိုး နိုင်ငံမှာ သင့်တော်တဲ့မေးခွန်းကို သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့နေရာမှာ သင့်တော်အောင်မေးနိုင်ဖို့က အရေးကြီးတယ်။ မေးခွန်းမေးနိုင်ခြင်းက ဉာဏ်ရည်မြင့်မားမှု၊ ပါဝင်ဆောင်ရွက်နိုင်မှု၊ နှင့် ခွဲခြမ်းစိတ်ဖြာတွေးတောနိုင်မှုတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။


ကျွန်တော်လည်း စင်ကာပူရောက်ခါစက မေးခွန်းမေးဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ နားလည်လာခဲ့တာကတော့ မေးခွန်းကောင်းတွေကို မေးနိုင်ခြင်းဟာလည် တိုးတက်မှုအတွက် လမ်းဖောက်နိုင်တဲ့ ကိရိယာတစ်ခုဖြစ်တဲ့အချက်ပါ။ မေးခွန်းကောင်းတွေကို မေးနိုင်ခြင်းဟာ ကိုယ်ကတခြားသူတွေအပေါ် မလေးစားလို့ ပြန်မေးမြန်းတာမဟုတ်ဘဲ စူစမ်းချင်တဲ့စိတ်ကြောင့် ဖြစ်တယ်ဆိုတာပါဘဲ။ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို သင့်တော်အောင်မေးနိုင်ခြင်းက ကိုယ့်အသိပညာ၊ အတွေးအခေါ်တွေကို ထင်ပေါ်စေပြီး အခွင့်အလမ်းကောင်းတွေကို လမ်းဖွင့်ပေးလေ့ရှိတယ်။


အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင်ကြားပြသပေးသူတွေက မေးခွန်းမေးလာတဲ့အခါ မကြောက်မရွံ့ဘဲ သတ္တိရှိစွာ အဓိပ္ပာယ်ရှိရှိ ပြန်လည်ဖြေကြားတတ်ဖို့လိုပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့က သူတို့ရဲ့ မေးခွန်းမေးခြင်းကိုခံရတဲ့အခါမှာ အစစ်ဆေးခံနေရသလို ကြောက်ရွံ့နေတတ်ပါတယ်။ အဲ့ဒီလို့မကြောက်ရွံ့ဘဲ မေးခွန်းတွေကို သေချာနားလည်အောင်နားထောင်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေနိုင်အောင် အလေ့အကျင့် လုပ်သင့်ပါတယ်။ မေးခွန်းတွေကိုနားမလည်ရင်လည် ပြန်မေးနိုင်ပါတယ်။ အဲလိုအပြန်အလှန် မေးခွန်းမေး၊ဖြေကြားနိုင်ခြင်းက ယုံကြည်မှုနဲ့ အပြန်အလှန်လေးစားမှုကို ဖန်တီးပေးပါတယ်။

ဒါကြောင့် သင့်တော်တဲ့မေးခွန်းကို သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့နေရာမှာ သင့်တော်အောင်မေးနိုင်ဖို့ ကိုယ့်မြန်မာတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး တိုက်တွန်းပေးဖို့လိုပါတယ်။ မေးခွန်းမေးနိုင်ပြီး ကောင်းကောင်းတုံ့ပြန်နိုင်ခြင်းဟာ ကျွန်တော်တို့အတွက် အသိပညာတိုးတက်စေရုံသာမက ​ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ကိုပါ တိုးတက်စေပါတယ်။ မေးခွန်းကောင်းတွေက စာသင်ခန်းထဲမှာဘဲဖြစ်ဖြစ်၊​ အလုပ်မှာဘဲ ဖြစ်ဖြစ်၊ နေ့စဥ်ဆက်ဆံရေးတွေမှာဘဲ ဖြစ်ဖြစ် ကိုယ့်အပေါ်လေးစားမှုကို ရရှိစေပါတယ်။ မေးခွန်းကောင်းကောင်းများများမေးတတ်လေ၊ ကျွန်တော်တို့ တိုးတက်လေဘဲ ဖြစ်ပါတယ်။


စာဖတ်သူတို့အနေနဲ့ မေးခွန်းမေးရမှာကို ကြောက်နေတုန်းလား။ မေးခွန်းမေးပုံမေးနည်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ နှစ်(၂၀)နည်းလမ်းကောင်းတွေကို ရယူချင်ရင်လည်း comment မှာ စာချန်ထားခဲ့နိုင်ပါတယ်။

Comments


bottom of page