top of page

"အခြားသူတွေရဲ့အမြင်တွေကို နားထောင်ခြင်းက သင့်ကိုပိုတော်စေ နိုင်ပါတယ်"

  • Writer: Steve Htet
    Steve Htet
  • Apr 16
  • 1 min read

ree

ကိုယ့်ရဲ့အမြင်နဲ့လုံးဝမတူတဲ့သူတစ်ယောက်နဲ့ ငြင်းခုန်ဖူးပါသလား? နိုင်ငံရေး၊ အလုပ်အကိုင်ရွေးချယ်မှု၊ သို့မဟုတ် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု နည်းလမ်းတွေအကြောင်း ငြင်းခုန်ဖူးကြမှာပါ။ ကျွန်တော်တို့ရဲ့ပထမဆုံးတုံ့ပြန်မှုက ငြင်းခုန်ဖို့၊ ကိုယ့်အမြင်ကိုကာကွယ်ဖို့နဲ့ ကိုယ်မှန်တယ်ဆိုတာသက်သေပြဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သဘောတူစရာ မလိုဘဲနဲ့ နားထောင်တာက ကျွန်တော်တို့ကို ပိုတော်စေနိုင်တယ်ဆိုတာကို သိပါသလား။


တောင်တစ်ခုရဲ့ မတူညီတဲ့ မျက်နှာဘက်များ

ကျွန်တော်နဲ့ကျွန်တော့်မိတ်ဆွေက တောင်တစ်ခုကိုကြည့်နေကြတယ်ဆိုပါစို့။ ကျွန်တော်က အစိမ်းရောင်သစ်ပင်တွေရှိနေတဲ့ဘက်ကိုကြည့်နေပြီး ကျွန်တော့်မိတ်ဆွေက ကျောက်ဆောင်တွေရှိနဲ့ဘက်ကိုကြည့်နေတယ်။ ကျွန်တော်မြင်တာကိုပဲယုံရင် ကျွန်တော့်မိတ်ဆွေမှားနေတယ်လို့ထင်မှာပါ။ တကယ်တော့ တောင်မှာ နှစ်ဖက်စလုံးရှိပါတယ်။ ကျွန်တော်ရပ်နေတဲ့နေရာကနေ မြင်နိုင်ဖို့မလွယ်တာပါ။

ဒါဟာ အမြင်များရဲ့ သဘောသဘာဝပါ။ လူတိုင်းရဲ့ အမြင်တိုင်းဟာ မတူညီတဲ့ဘဝ အတွေ့အကြုံတွေ၊ နောက်ခံအကြောင်းတွေနဲ့ ယုံကြည်ချက်တွေက နေလာတာပါ။ ကိုယ်နဲ့မတူတဲ့ အမြင်တစ်ခုကို လက်မခံတာဟာ တောင်ရဲ့တစ်ဖက်ကို မရှိဘူးလို့ ငြင်းဆန်နေတာနဲ့ တူပါတယ်။

နားထောင်ခြင်းက ကျွန်တော်တို့ကို ဘာလို့ပိုတော်စေတာလဲဆိုရင်

မတူညီတဲ့အမြင်တွေကို အမှန်တကယ်နားထောင်တဲ့အခါ အခုလိုအကျိုးကျေးဇူးတွေရပါတယ်။

1️⃣ ကိုယ့်ရဲ့အကဲဖြတ်နိုင်စွမ်းတိုးတက်လာမယ်။

ကိုယ့်အမြင်တစ်ခုတည်းကိုပဲ မျက်စိမှိတ်ယုံကြည်မယ့်အစား မေးခွန်းထုတ်တတ်၊ ဆန်းစစ်တတ်၊ ကိုယ့်အတွေးတွေကို မွမ်းမံတတ်လာမယ်။ ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်လာမယ်။

2️⃣ ကိုယ့်ဗဟုသုတတွေတိုးပွားလာမယ်။

အခြားသူတွေရဲ့အမြင်တွေမှာ ကိုယ်မစဉ်းစားမိတဲ့အချက်တွေ၊ အတွေ့အကြုံတွေပါလာတတ်တယ်။ သဘောမတူရင်တောင် နားထောင်ပြီးတဲ့အခါ မနားထောင်ခင်ကထက် ပိုပြီးသိလာပါလိမ့်မယ်။

3️⃣ ကိုယ့်ရဲ့ဆွဲဆောင်နိုင်စွမ်းတိုးတက်လာမယ်။

အခြားသူတွေရဲ့အမြင်ကိုနားလည်တာက ပိုကောင်းတဲ့ဆက်ဆံရေးကို ဖြစ်စေနိုင်ပါတယ်။ အငြင်းပွားမှုမှာ အနိုင်ရချင်ရင် ကိုယ့်အမြင်တစ်ခုတည်းကိုပြောနေရုံနဲ့မလုံလောက်ဘူး ။ အခြားသူတွေရဲ့စိုးရိမ်မှုတွေကိုနားလည်ပြီး ပိုခိုင်မာတဲ့အငြင်းအခုံကို တည်ဆောက်တတ်ဖို့လည်း လိုပါတယ်။

နားလည်ခြင်းနဲ့ သဘောတူခြင်းက မတူပါဘူး။

အခြားသူတွေရဲ့အမြင်ကို နားထောင်တာက သဘောတူရမယ်လို့ မဆိုလိုပါဘူး။ အခြားသူတွေရဲ့အမြင်ကို နားလည်အောင်လုပ်တာဖြစ်ပြီး သဘောတူလက်ခံစရာမလိုပါဘူး။

အဲဒီတော့ အခုပဲ လက်တွေ့လုပ်ကြည့်ရအောင်!


ကိုယ့်အမြင်နဲ့ဆန့်ကျင်တဲ့ အယူအဆတစ်ခုကြားရင်:

1️⃣ "ဘာလို့သူတို့ ဒီလိုတွေးရတာလဲ?"

2️⃣ "ဒါကနေ ဘာတွေကိုယ်ပိုနားလည်နိုင်ရမလဲ?"

3️⃣ "သူတို့ပြောတဲ့ထဲမှာ တစ်စိတ်တစ်ပိုင်းတော့ မှန်နေတာရှိလား။”ဆိုပီး သုံးသပ်ကြည့်ပါ။

ထက်မြက်တဲ့သူတွေရဲ့လျှို့ဝှက်ချက်က သူတို့နဲ့ အမြဲသဘောတူမယ့် သူတွေနဲ့ပဲ ဝန်းရံမနေပါဘူး။

မတူတဲ့အမြင်တွေရှာပြီး ကိုယ့်အတွေးအခေါ်ကို စနှစ်တကျ စိန်ခေါ်ပြီးတော့ ထက်မြက်လာကြတာပါ။

အဲဒီတော့ အလေ့အကျင့်ကောင်းတစ်ခု ဖန်တီးကြမယ်။

အငြင်းပွားမှုဖြစ်တိုင်း ချက်ချင်းပြန်မပြောဘဲ

✅ နားထောင်ပါ။

✅ မေးခွန်းမေးပါ။

✅ နားလည်အောင်ကြိုးစားပါ။ ကျွန်တော်တို့ နားလည်မှုတွေတိုးလာတဲ့အခါ ကိုယ့်ရဲ့ထက်မြတ်တဲ့အမြင်တွေကို ရလာနိုင်ပါလိမ့်မယ်။

Comments


bottom of page