“ကိုယ့် ခံယူချက်က ကိုယ့်ရဲ့အနာဂတ်ကို တည်ဆောက်ပေးတယ်”
- Steve Htet
- Mar 5
- 1 min read

ခိုင်မာပြီး ပြတ်သားတဲ့ ခံယူချက်တခုဟာ စင်ကာပူမှာအလုပ်လုပ်နေတဲ့ မြန်မာလူငယ်တွေအတွက် အလုပ်ခွင်မှာ မြန်မြန် ရှေ့ရောက်နိုင်ဖို့ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။ ဒီခံယူချက်ကို စွဲစွဲမြဲမြဲ ကျင့်သုံးလိုက်နာခြင်းဟာ ကိုယ့်ရဲ့ အကျင့်စာရိတ္တကို တည်ဆောက်ပေးနိုင်တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတွေရဲ့ လေးစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့
ပထမဆုံးကတော့ ကိုယ့်ရဲ့စိတ်ခံယူချက်သဘောထားကို ယုံကြည်ပါ။
မိမိရဲ့ စစ်မှန်တဲ့ခံယူချက်ရှိဖို့ ကိုယ်ပိုင်သဘောထားက ဘာလဲဆိုတာကို ပထမဆုံး သိရှိဖို့လိုပါတယ်။ ရိုးသားခြင်း၊ သမာဓိရှိခြင်း နဲ့ တာ၀န်ယူတတ်ခြင်း စသည့်တို့မှ ခံယူချက် တခုကို မှန်မှန်ကန်ကန် ယုံကြည်ဖို့လိုပါတယ်။ ဒီယုံကြည်မှုက မိမိရဲ့ လုပ်ဆောင်မှုနှင့် ဆုံးဖြတ်ချက်တွေအတွက် အခြေခံတည်ဆောက်မှု တခုဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကိုအဲ့ဒီယုံကြည်မှုပေါ်လူသိလာပါလိမ့်မယ်။
ကိုယ့်ရဲ့ ခံယူချက်ကို ထိန်းသိမ်းနိုင်ဖို့ ရဲစွမ်းသတ္တိကို မွေးမြူပါ။
ကိုယ့်ရဲ့ ခံယူချက်သဘောထားတွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရင်း အတားအဆီးအခက်အခဲတွေ ကြုံလာရတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ရဲရင့်ရပါမယ်။ ဒီလိုမျိုး ရဲရဲရင့်ရင့် ရင်ဆိုင်ခြင်းဟာ ကိုယ့်ရဲ့ တန်ဖိုးကို မြင့်တက် စေပီးတော့ ကိုယ့်ကို ယုံကြည်အားထားနိုင်တဲ့ သူတစ်ယောက်အဖြစ် မြင်စေပါတယ်။
ကိုယ်ပိုင်ခံယူချက်ကိုသတ္တိရှိရှိနဲ့ကျင့်သုံးတဲ့အတုယူစရာသူတစ်ဦးကိုပြောရမယ်ဆိုရင်
Talent show တွေနဲ့ နာမည်ကျော်ကြားတဲ့ Simon Cowell ပါဘဲ။ သူက ပွင့်လင်းရိုးသားမှုကို အစဥ်လိုက်နာကျင့်သုံးတဲ့ နမူနာထားစရာသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ပြတ်သားတဲ့ ဝေဖန်မှုတွေကြောင့် တစ်ခါတစ်လေ အငြင်းပွားမှုတွေ ဖြစ်စေခဲ့ပေမယ့် ဖျော်ဖြေရေးလောကမှာ လေးစားမှုအပြည့်နဲ့ အသိအမှတ်ပြုခြင်းကို ခံရပါတယ်။ သူ့ရဲ့ ပွင့်လင်းမြင်သာတဲ့ အကြံပေးခြင်းတွေဟာ ပြိုင်ပွဲ၀င်တွေရဲ့ စစ်မှန်တဲ့ အနုပညာ အရည်အချင်းကို ဖော်ထုတ်ပေးပီး တိုးတက်စေဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။
ကိုယ်ပိုင်အတွေ့အကြုံကိုပြောရမယ်ဆိုရင်
အရင် corporate အလုပ်မှာ ကျွန်တော့်ကို မျှတမှန်ကန်တဲ့ အကြံတွေကို ပွင့်ပွင့်လင်းလင်းပေးရဲလို့ လူသိများခဲ့ပါတယ်။ ဒီလိုလုပ်တာက တစ်ခါတစ်လေ အတိုက်အခိုက်တွေကို ကြုံတွေ့စေပေမယ့်လည်း အဖွဲ့အစည်းအတွင်းမှာ ပွင့်လင်းမြင်သာမှုနှင့် အပြန်အလှန်လေးစားမှုကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဒီခံယူချက်ကို ကျွန်တော် ယုံကြည်စွာ သတ္တိရှိရှိကျင့်သုံးခဲ့တာကြောင့် corporate လှေကားကို မြန်မြန်တက်နိုင်ဖို့ အထက် လူကြီးတွေရဲ့ယုံကြည်မှုကိုရခဲ့ပါတယ်။
ကိုယ့်ရဲ့ career အတွက် ရေရှည်အကျိုးကျေးဇူးတွေဘယ်လိုရှိလဲဆိုရင်
ခိုင်မာပီး ပြတ်သားတဲ့ ကိုယ်ပိုင်ခံယူချက်တွေကို လက်ဆုပ်ကိုင်ထားခြင်းဟာ ရေတိုမှာ အခက်အခဲတွေရှိပေမယ့် ရေရှည်အကျိုးကျေးဇူးတွေကတော့ အများကြီးပါဘဲ။ ကိုယ့်ရဲ့ ရိုးသားမှုနဲ့ ရဲရင့်မှုတွေကို အမြဲပြသနိုင်ခြင်းဟာ ကိုယ့်ကို ယုံကြည်စိတ်ချရနိုင်သူတစ်ယောက်ဖြစ် မြင်သာစေပီးတော့ ကိုယ်ကိုလေးစားမှုကိုရနိုင်ပါတယ်။ ကိုယ့်အတွက် ဦးဆောင်ခွင့် အခွင့်အလမ်းတွေနဲ့ အလုပ်အကိုင်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖန်တီးပေးပါတယ်။
အဲဒီတော့ ကိုယ့်ကို ပြန်မေးသင့်တဲ့ မေးခွန်းတွေက
ကိုယ့်အတွက် professional life မှာ ကျင့်သုံးမယ့် အရေးအကြီးဆုံးခံယူချက်ကဘာဖြစ်မလဲ။
ကိုယ်ကိုလုပ်ဖေါ်ကိုင်ဖက်တွေကကိုယ့်ကိုဘယ်လိုသိစေချင်လဲ။
ခက်ခဲတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ လက်ဆုပ်ကိုင်ထားတဲ့ ကိုယ်ပိုင်သဘောထားခံယူချက်ပေါ်ရပ်တည်ရဲလား။
တည်ကြည်ပြတ်သားခိုင်မာတဲ့ ကိုယ်ပိုင်ခံယူချက်သဘောထားတစ်ခုကို အမြဲလက်ဆုပ်ကိုင်ထားရဲနိုင်ခြင်းဟာ ကိုယ့်ကိုယ်ပိုင် တိုးတက်မှုကို အားဖြည့်နိုင်သလို မြန်မာအသိုင်းအဝိုင်းရဲ့ ဂုဏ်ကိုလည်း မြှင့်တင်ပေးပါတယ်။




Comments