“အပြစ်တင်မလား၊ အတူတူတည်ဆောက်မလား? ကျွန်ုပ်တို့အသိုင်းအဝိုင်းကို ပုံဖော်ပေးမယ့် ရွေးချယ်မှုက ကျွန်တော်တို့ အပေါ်မှာ မူတည်တယ်”
- Steve Htet
- Apr 9
- 1 min read

ဒီအခြေအနေကို စဉ်းစားကြည့်ပါ။ သင့်မိတ်ဆွေတစ်ယောက် စီးပွားရေးလုပ်ငန်းသေးတစ်ခုစပြီး လုပ်တယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ကူညီဖို့အစား “သူ့မှာ အစီအစဉ်မရှိဘူး၊” “သူ မကြိုးစားဘူး” ဆိုတဲ့ စကားတွေဘဲ အပြစ်တင်ပြောကြတယ်။ လူငယ်တစ်ယောက် အလုပ်မှာ အပေါ်ကို မရောက်ဘူးဆိုရင် “သူမတော်ဘူး၊” “သူ့မှာ ရည်မှန်းချက်ကြီးကြီးမရှိဘူး” ဆိုတဲ့ စကားတွေ ထွက်လာတယ်။ ကျောင်းသားတစ်ယောက် ကျောင်းထွက်လိုက်ရတယ်ဆိုရင် “မိဘတွေက သေသေချာချာ မပြုစုပျိုးထောင်ခဲ့ဘူး” ဆိုတဲ့ အပြစ်တင်သံတွေ ပေါ်လာတယ်။
ဒီလိုအခြေအနေတွေကို နေရာတကာမှာ တွေ့နေရပါတယ်။ တစ်ခုခုမှားသွားရင် ကူညီဖို့ထက် အပြစ်တင်တာက ပိုမြန်နေတယ်။ ဒါပေမယ့် ဒီနေရာမှာမေးစရာတစ်ခုရှိတာက အပြစ်တင်တာက ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလား?
ကျွန်တော်တို့ကို နောက်ပြန်ဆွဲထားတဲ့ ထောင်ချောက်ဖြစ်တဲ့ အပြစ်တင်ခြင်း သံသရာလည်ပုံ
အပြစ်တင်တာက လွယ်တယ်လို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ တာဝန်ကို သူများဆီ လွှဲပစ်လိုက်သလို ဖြစ်သွားလို့ပါဘဲ။ ကိုယ့်ကိုယ်ကို ပိုတော်တယ်လို့ ထင်ရတယ်။ တခြားသူတွေရဲ့ အမှားတွေကို ထောက်ပြရင် ကိုယ်က ပိုဉာဏ်ကောင်းသလို ခံစားရတယ်။ ဒါပေမယ့် တကယ်တော့ အပြစ်တင်တာက တစ်ခုပဲလုပ်တယ်။ ကျွန်ုပ်တို့ကို ပိုပြီး အားနည်းသွားစေတယ်။
စီးပွားရေးလုပ်နေတဲ့သူတစ်ယောက် အဆင်မပြေနေရင် သူ့ကို ဝေဖန်ဖို့မလိုဘူး။ သူ့ကို အကြံဉာဏ်နဲ့ လမ်းညွှန်မှုတွေပေးဖို့ လိုအပ်တယ်။ အလုပ်လက်မဲ့တစ်ယောက်ကို ဝေဖန်ဖို့မလိုဘူး။ သူ့ကို အားပေးဖို့နဲ့ လမ်းညွှန်ဖို့ လိုတယ်။ ကျောင်းသားတစ်ယောက်က နောက်ကျကျန်ခဲ့ရင် သူ့ကို ရှက်အောင်လုပ်ဖို့မလိုဘူး။ သူ့ကို လမ်းညွှန်ပေးဖို့နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုတယ်။
အမှန်က လူတိုင်းက သူတို့မှာရှိတဲ့အရာတွေနဲ့ အကောင်းဆုံးကြိုးစားနေကြတာပါ။ လူတိုင်းက တူညီတဲ့အစကနေ စထားတာမဟုတ်ပါဘူး။ တစ်ချို့က အရင်းအမြစ်တွေ မလုံလောက်ဘူး။ တစ်ချို့က အသိပညာတွေ လိုအပ်နေတယ်။ တစ်ချို့က သူတို့ကို အားပေးမယ့် သူတွေ မရှိဘူး။
အပြစ်တင်တာကနေ နားလည်ပေးနိုင်ဖို့ အမြင်ကို ပြောင်းလဲကြည့်ပါ -
အပြစ်တွေ ထောက်ပြမယ့်အစား “ငါ ဘယ်လိုကူညီနိုင်မလဲ?” လို့ မေးကြည့်ပါ။
တစ်ယောက်ယောက်ရဲ့ စီးပွားရေးလုပ်ငန်း အဆင်မပြေနေရင် သူ့ကို အကြံပေးနိုင်တဲ့သူတွေဆီ လမ်းညွှန်ပေးပါ။ သူ့ပို့စ်တွေကို မျှဝေပေးပါ။
မိတ်ဆွေတစ်ယောက် အလုပ်မှာ အဆင်မပြေနေရင် အခွင့်အလမ်းတွေ မျှဝေပေးပါ။ အကြံဉာဏ်တွေ ပေးပါ။
ကျောင်းသားတစ်ယောက် နောက်ကျကျန်နေရင် သူ့ကို သင်ယူနိုင်မယ့် အရင်းအမြစ်တွေဆီ လမ်းညွှန်ပေးပါ။
ဒါက အမှားတွေကို လျစ်လျူရှုဖို့ မဟုတ်ပါဘူး။ အရှက်ခွဲမယ့်အစား ဖြေရှင်းနည်းတွေ ပေးဖို့ပါ။ အပြစ်တင်တာကို အားပေးမှုနဲ့ အစားထိုးလိုက်တဲ့အခါ အားလုံးကြီးထွားဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီတော့ အားပေးတဲ့အလေ့အကျင့်နဲ့စိတ်ထားကို ကျွန်တော်တို့တူတူတည်ဆောက်ကြမယ်
သင်သိထားတဲ့ အောင်မြင်တဲ့မြန်မာတွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့က တစ်ယောက်တည်း အောင်မြင်လာတာလား? အောင်မြင်မှုဇာတ်လမ်းတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ကို ယုံကြည်အားပေးပြီး အားဖြည့်ပေးခဲ့တဲ့ လူတွေရှိနေပါတယ်။
စင်ကာပူမှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့အချင်းချင်း အားပေးမှ ရယူနိုင်မှာဖြစ်ပါတယ်။ အားကောင်းတဲ့ မြန်မာအသိုင်းအဝိုင်းဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အောင်မြင်တဲ့ကျောင်းသားတွေ ပိုများလာမှ ဖြစ်ပေါ်လာမှာပါ။ ဒါက ကျွန်တော်တို့ဆီက အားပေးစကားလေးတွေ၊ အားဖြည့်ပေးတဲ့ ဆုံးဖြတ်ချက်လေးတွေနဲ့ စတာပါ။
ဒီစိန်ခေါ်မှုကို ဒီနေ့မှာဘဲ ပထမဆုံးအကြိမ် စလိုက်ကြရအောင်
ဒီနေ့ ကို မှတ်ချက်ပေးတာတွေ၊ ဝေဖန်တာတွေ အပြစ်တင်တာတွေ လုပ်မယ့်အစား ခဏရပ်ပြီး ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ “ငါ ဘယ်လိုကူညီလို့ရမလဲ?” လို့ ရိုးရိုးလေးဘဲ မေးကြည့်ပါ။ မိတ်ဆွေတစ်ယောက်ရဲ့ စီးပွားရေးကို လိုက်လုပ်ပေးတာ၊ တစ်ယောက်ယောက်ကို အလုပ်အကြောင်း အကြံပေးတာ၊ အားပေးစကားပြောတာစတဲ့ လုပ်ရိုးလုပ်စဉ်လေးတွေက ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။
အပြစ်တင်တာက တက်နိုင်သလောက်ရှောင်ပါ။ အားပေးတာတွေနဲ့ တည်ဆောက်ကြပါ။ အဲဒီလို အတူတူ တည်ဆောက်ရင်း မြန်မာအသိုင်းအဝိုင်း အားကောင်းလာပါလိမ့်မယ်။
👉 သင့်ကို အားတက်စေတဲ့ မိတ်ဆွေတစ်ယောက်ကို tag လုပ်ပါ။ သင့်ကို ဘယ်သူက ဘယ်လိုအားပေးခဲ့လဲဆိုတဲ့ ဥပမာလေးတွေ မျှဝေပေးပြီး အကျင့်ကောင်းတွေကို အတူတူ မွေးကြရအောင်။ ၀ေဖန်တာတွေကို အပြုသဘောနဲ့ အားပေးမှုတွေနဲ့ အစားထိုးလိုက်ကြရအောင်!




Comments